ကမ္ဘာကြီးပူနွေးလာမှုသည် လူတွေ့ကြောင့်လား ဒါမှမဟုတ် သဘာဝအတိုင်း ဖြစ်နေကြ ဖြစ်စဉ်တစ်ခုလား
နိုင်ငံစုံ Corporation ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်အများစုက ကမ္ဘာကြီးပူနွေးလာမှုသည် သဘာဝအလျှောက် ဖြစ်နေကြဖြစ်စဉ်တစ်ခု ဆိုကြသည်။ သဘာဝပတ်ဝန်ကျင် ထိန်းသိန်းရေးသမားများ၊ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသောသူများ နှင့် သိပ္ပံပညာရှင်များက မှု လူတို့၏ပရောဂကြောင့်ဟု တညီတညွတ်တည်း ထောက်ခံကြသည်။ မည်သို့ပင်ဆိုစေ လူတို့၏  ပရောဂမကင်းသည်တော့ သေချာပါသည်။
ကမ္ဘာကြီးပှုနွေးလာမှု ဖြစ်စဉ်ကြီးတစ်ခုလုံးကို လက်တွေ့နည်းကျ တိုင်းတာချက်များနှင့်တကွ အယ်(လ်)ဂိုး(လ်)၏ရှင်းလင်းတင်ပြချက်များကို ရိုက်ကူးထားသော An Inconvenient Truth ဆိုသည့် အော်စကာဆုရ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားကြီးက သက်သေခံလျက်ရှိပါသည်။
ကမ္ဘာကြီးပူနွေးလာမှုဆိုသည်မှာ ကမ္ဘာကြီးတွင် သဘာဝအတိုင်း ရှိသင့်သည့် အပူချိန် ထက်ပိုမိုပူပြင်းလာခြင်းကိုဆိုလိုသည်။ ကမ္ဘာကြီးပူနွေးလာမှုကို အဓိကတွန်းအားပေးသော အရာမှာ CO2 ခေါ် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ပင်ဖြစ်သည်။ CO2 သည် နေရောင်ခြည်မှ လာသောအပူစွမ်းအင်ကို ထိန်းသိမ်းထားနိုင်သည့် ဖန်လုံအိမ်ဓါတ်ငွေ့များထဲတွင် အများဆုံးပါဝင်သည့် ဓါတ်ငွေ့ဖြစ်သလို အကြာရှည်ဆုံး ထိန်းသိမ်းထားနိုင်သည့် ဓါတ်ငွေ့လည်းဖြစ်သည်။ စက်ရုံအလုပ်ရုံများ များပြားလာခြင်း၊စက်တပ်ယာဉ်များ၊ CO2ထွက်သောအခြားစက်ပစ္စည်းများပိုမိုအသုံးပြုလာခြင်း၊ တောမီးလောင်ခြင်း၊ လူဦးရေ တိုးပွားလာခြင်းတို့ကြောင့် လေထုထဲတွင်လိုအပ်သောCO2 ပမာဏထက်ကျော်လွန်ကာ ကမ္ဘာကြီးပိုမိုပူနွေးလာစေခြင်းဖြစ်သည်။ CO2 ပမာဏများလေ ကမ္ဘာကြီး ပိုမိုပူနွေးလေ ဖြစ်သည်။
ကမ္ဘာကြီးပူနွေးလာခြင်းကို ဒုတိယတွန်းအားပေးသော အကြောင်းအရာမှာ Deforestation ခေါ် သစ်တောများ ပြုန်းတီးခြင်းကြောင့်ဖြစ်သည်။ သစ်တောများသည် အရင်းအမြစ်နှစ်မျိုး ရှိသည့်အနက် ပြန်လည်ဖြည့် တင်းနိုင်သောအရင်းအမြစ်ထဲတွင် ပါဝင်သော်လည်း မတော်လောဘတက်နေသော စီးပွားရေး သမားများ၏ အလွန်အကျွံခုတ်ယူခြင်း၊ ဖွံဖြိုးဆဲနိုင်ငံများတွင် သစ်ကို အဓိကလောင်စာအဖြစ် ဆက် လက်အသုံးပြုနေခြင်း၊ လူဦးရေတိုးပွားလာခြင်း၊ သစ်ပင်များကို ပြန်လည်စိုက်ပျိုးမှုနှုန်းနည်းပါးခြင်း၊ မရှိခြင်း တို့ကြောင့်သစ်တောများပြုန်းတီးသည့် အခြေအနေသို့ရောက်ရှိလာခြင်းဖြစ်သည်။ လေထုထဲတွင်လိုအပ်သည့် ပမာဏထက် ပိုလျှံနေသော CO2ဓါတ်ငွေ့များကို စုပ်ယူနိုင်မည့်သစ်ပင်များ မရှိတော့ခြင်းကြောင့် ကမ္ဘာကြီးပူနွေးလာခြင်းအပြင် လေထုညစ်ညမ်းခြင်းကိုပါ ရင်ဆိုင်နေကြရပြီဖြစ်သည်။
ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ကမ္ဘာ့အစွန်းနှစ်ဖက်ရှိ ရေခဲပြင်ကြီးများ အရည်ပျော်ကြခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ကမ္ဘာ့ရေကြောင်းများ ပြောင်းလဲသွားခြင်း၊ ရာသီဥတုများ အရင်ကာလနှင့်မတူ ဆိုးရွားသိသာစွာ ဖောက်ပြန်လာခြင်း(ဥပမာ။  ။မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊  မုန်တိုင်းတိုက်ခြင်း…….)တို့်ကို ကြုံတွေ့နေကြ ရသည်။
ဂေဟဗေဒ သဘောအရ သဘာဝပတ်ဝန်းကျင်သည် တစ်ခုနှင့်တစ်ခု ဆက်နွယ်လျက်ရှိရာ ထိုအထဲမှ တစ်ခုခုချို့ယွင်းသွားလျှင် (သို့) ပြောင်းလဲသွားလျှင် သူနှင့်ဆက်နွယ်လျက်ရှိသော အခြားအရာများကိုပါ အကျိုးသက်ရောက်စေပါသည်။ ထိုသဘောအတိုင်း ကမ္ဘာကြီး ပိုမိုပူနွေးလာမှုကြောင့် အထက်ဖော်ပြပါဆိုးကျိုးများအပြင် သန္တာကျောက်တန်းများ ပျက်စီးခြင်း၊ တိရိစ္ဆာန် နှင့် အပင်များ ရှားပါးလာခြင်းမှ မျိုးတုံးပျောက်ကွယ်တော့မည့်အခြေအနေသို့ပင် ရောက်ရှိနေပါသည်။အခြားဆိုးကျိုးများစွာ ကိုလည်းဖြစ်လာစေရန်ဖိတ်ခေါ်လျှက်ရှိပါသည်။
ကျွန်တော်တို့ပြောင်းလဲရန် နောက်မကျသေးပါ။ကျွန်တော်တို့ အပန်းမကြီးဘဲ လုပ်ဆောင် နိုင်သော အရာများစွာရှိပါသည်။ရေကို မလိုအပ်ဘဲအသုံးမပြုခြင်း (ချွေတာခြင်း)၊ လျှပ်စစ်မီးကိုလည်း အပြင်သွားမည်ဆိုလျှင် ပိတ်သွားခြင်း၊ တစ်ခါသုံးတူမသုံးစွဲခြင်း၊ ကိုယ်ပိုင်ကားနှင့်သွားရန်မလိုသော နေရာများကို လမ်းလျှောက်ခြင်း၊စက်ဘီးစီးခြင်း၊ အများသုံး ယာဉ်၊ရထားတို့ကို အသုံးပြုခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အစည်းများနှင့် ဆက်သွယ်၍ ပါဝင်လုပ်ဆောင်ခြင်းများအပြင် အခြားလုပ်ဆောင်၍ရနိုင်သော အရာများစွာရှိပါသေးသည်။
ကျွန်တော်တို့လုပ်ဆောင်ရန်သာလိုအပ်ပါသည်။ အခုပဲစပြီးလုပ်ဆောင်ကြပါစို့။
ဘိုကလေးသား

 










 
0 comments:
Post a Comment