The Right War
အမှန်တကယ်ရင်ဆိုင်နေရသော စစ်ပွဲ
မကြာခဏဆိုသလို ကျွန်ုပ်တို့ ကမ္ဘာကြီးကို မြင်တွေ့ရသည်မှာ အကျပ်အတည်း တစ်ခုမှ နောက်အကျပ်အတည်း တစ်ခုသို့ အလျှင်အမြန် ဖြစ်ပေါ်စေလျှက်ရှိရာ အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခအကြမ်းဖက်မှုများမှအစပြု၍ အာဖရိကတွင် ရောဂါဘယ ထူပြောနေမှုများ၊ ကမ္ဘာတစ်ဝှမ်း စားသောက်ကုန်နှင့် လောင်စာဆီ ဈေးနှုန်း မြင့်တက်လာနေခြင်းများမှ သည် ရာသီဥတုပြောင်းလဲမှု ဒါဏ်အဆုံး ခြိမ်းခြောက်မှုများထိ ရင်ဆိုင်လာနေရသည်။
လူများအနေဖြင့် ယင်းဒုက္ခ အကျပ်အတည်းများကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ကြုံတွေ့လာရသောအခါ အပြုသဘော မဆောင်သည့် ခံစားချက်များ တိုးပွားလာပြီး ကမ္ဘာ့ပြဿနာများကို ဖြေရှင်းရန် မလွယ်ကူသည့် အကြောင်းအရာများအဖြစ် ရှုမြင်လာကြသည်။
“ကုလသမ္မဂအနေနဲ့ ကမ္ဘာ့ပြဿနာတိုင်းကို ဖြေရှင်းကိုင်တွယ်ရတဲ့နေရာမှာ လမ်းဆုံလမ်းခွ ရောက်နေတဲ့ နိုင်ငံရေးပြဿနာတွေသာမက ရာသီဥတုပြောင်းလဲမှုကြောင့်ကြုံတွေ့လာရတဲ့ ပြဿနာ တွေကိုပါ ရင်ဆိုင်ဖြေရှင်းနေရတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာအများစုထဲက ဆင်းရဲမွဲ တေမှုက စလို့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုတွေအဆုံး စတာတွေဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ဆက်စပ်ချိတ်ဆက်နေတယ်။ ရာသီဥတု ပြောင်းလဲခြင်းအတွက် အဖြေတစ်ခုရှာဖွေတာဟာ အခြားနယ်ပယ်တွေမှာ အကျိုးအမြတ်တွေကို ဆောင်ကျဉ်းပေးနိုင်တယ်။ ပိုပြီးစိမ်းလန်းတဲ့ ကမ္ဘာကြီးဟာ ပိုပြီးငြိမ်းချမ်းပြီး သာယာဝပြောဖို့ဆိုတာ သေချာတယ်။”
ဟု ကုလသမ္မဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ကဆိုသည်။
“ကျွန်တော့်အနေနဲ့ အာဖရိကတိုက် ဆူဒန်နိုင်ငံတောင်ပိုင်း ဒါဖာဒေသမှာ ဖြစ်ပျက်နေတဲ့ လူမျိုးတုန်း သက်ဖြတ်မှု (Genocide) နဲ့ပက်သက်ပြီး ကုလသမ္မဂ အတွင်းအရေးမှုးအဖြစ် စပြီးတာဝန်ထမ်းဆောင် တဲ့ နှစ်မှာပဲ သံတမန်ရေးနည်းလမ်းနဲ့ ချဉ်းကပ်ဖို့ စဉ်းစားခဲ့တယ်။ ဒီနေရာမှာ ဒီဒေသမှာဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းရေးတပ်တွေစေလွတ်ပြီး ပြဿနာပြေလည်သွားစေဖို့ ဆိုတာ လုံလောက်တဲ့ အဖြေတစ်ခု မဖြစ်စေခဲ့ဘူး။ အမှန်က ပဋိပက္ခတွေ စဖြစ်နေချိန်တည်းက ဒါဖာဒေသမှာ ဆယ်စုနှစ်ချီပြီး မိုးခေါင်မှုပြဿနာကို ကြုံတွေ့ခံစားလာခဲ့ရတာ ဒီပြဿနာရဲ့နောက်ဆက်တွဲကြောင့် လယ်ယာမြေနဲ့ ရေအသုံးပြုမှုနဲ့ပက်သက်ပြီး ဒီဒေသက လယ်သမားတွေနဲ့ တိရိစ္ဆာန်ထိန်းကျောင်းသူတွေဟာ စစ်ပွဲဖြစ်လာစေတဲ့ ပဋိပက္ခထဲကို ၀င်ရောက်လာခဲ့ကြတယ်။ ကျွန်တော်တို့ အနေနဲ့ အမြစ်တွယ်နေတဲ့ ဒီပြဿနာကို အာရုံမစိုက်နိုင်ခဲ့ရင်၊ ဆင်းရဲမွဲတေမှု၊ သဘာဝပတ်ဝန်းကျင် ပျက်သုန်းမှုနဲ့ ရာသီဥတု ပြောင်းလဲမှုဒါဏ်ကို ထိန်းချုပ်ဖို့ အတူတကွ လက်တွဲမလုပ်ဆောင်ခဲ့ရင် ဒါဖာအရေးအတွက် ကျွန်တော် တိုအဆိုပြုပေးနေမှုတွေဟာ အခိုက်အတန့်အားဖြင့်သာ အထောက်အကူ ပြုနိုင်လိမ့်မယ်” 
ဟု ဘန် ကဆိုသည်။
အာဖရိကဒေသ၏ ငတ်မွတ်ခေါင်းပါးမှုကို ဖြေရှင်းရာတွင် လယ်သမားများအတွက် ဒေသနှင့် သင့်တော် သည့် သီးနှံမျိုးကောင်း မျိုးစေ့များ၊ ရေစုပ်စက်နှင့် မြေသြဇာ ထောက်ပံ့ပေးမှုများက  အစိတ်အပိုင်းတစ် ခုဖြစ်လာနိုင်မည်။
ယခုနှစ် ကုလသမ္မဂ၏ အရေးကြီးသော လုပ်ဆောင်ဖွယ်ရာ လုပ်ငန်းစဉ်များတွင်   ဆင်းရဲ့မွဲတေမှုနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးမှာ အဓိကအရေးပါမှုအဖြစ် ပါဝင်နေသည်။ ထို့ပြင် သန့်စင်သော ရေရှည်အသုံးပြုနိုင်သည့် စွမ်းအင်စနစ်များ၊ အာဖရိကဒေသ လယ်ယာစိုက်ပျိုးရေး အထွက်တိုး ကောင်းမွန်မှု၊ မိုးခေါင်မှုကြုံတွေ့နေရသော အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အမေရိက ဒေသများတွင် ကောင်းမွန်သော ရေရရှိမှုစနစ် ဖြစ်ထွန်းလာမှု တို့အတွက်အာရုံစိုက်လျှက်ရှိသည်။
“ကမ္ဘာမြေကြီး၊ ပင်လယ်၊ သမုဒ္ဒရာ နဲ့  လေထုဟာ နိုင်ငံအားလုံးနဲ့ သက်ဆိုင်တယ်။ ဒါ့အပြင် သိပ္ပံ ပညာရပ်၊ နည်းပညာနဲ့ ပညာရေးဆိုတာ နိုင်ငံအားလုံးရဲ့ အကောင်းဆုံး မဟာမိတ် ဖြစ်နိုင်တယ်။ ဒီအကြံ ဥာဏ်ကို  ကျွန်တော်တို့ လက်တွေ့အကာင်အထည် ဖော်ကြပါဆို့”
ဟု သမ္မတ ဂျွန်အက်(ဖ်)ကနေဒီက ၁၉၆၃ နှစ်က ကုလသမ္မဂ အထွေထွေညီလာခံတွင် ပြောကြား ခဲ့သည်။
Time magazine မှ ကုလသမ္မဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ရေးသားသည့် The Right War ကိုဆီလျှော် အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ဒါဖာတွင်ကြုံတွေ့နေရသော မိုးခေါင်ရေရှားမှု၊ သီးနှံစိုက်ပျိုး၍ မဖြစ်ထွန်းမှု မှစ၍ ဖြစ်ပွားခဲ့သော လူမျိုးတုန်း သတ်ဖြတ်မှု့ကို အခြေခံ၍ ရေးသားထား ခြင်းဖြစ်သည်။
အမှန်တကယ်ပင် ကျွန်ုပ်တို့ကြုံတွေ့နေရသည် အခက်အခဲ၊ ပြဿနာများ၏ အရင်းအမြစ်ကို ရှာဖွေကြည့်လျှင် ပြဿနာအများစုမှာ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝ အရင်းအမြစ်များ(ဥပမာ။      ။ရေနံ) စသည်တို့က အခြေခံအကြောင်းအရင်း ဖြစ်နေသည်ကို တွေ့ရှိ ရပါသည်။ ပြဿနာတစ်ရပ်တိုင်းတွင် ဖြစ်ပေါ်လာသည့် အကျိုးဆက်တွေကို လတ်တလောဖြေရှင်း သည်ကမှန်သော်ငြားလည်း၊ ထိုပြဿနာဖြစ်ရခြင်း၏ အကြောင်းအရင်းကို ရှာနိုင်မှသာ ရေရှည် ဖွံဖြိုးတိုးတက်ခြင်းကိုရနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့ အမှန်တကယ်ကြုံတွေ့နေရသော စစ်ပွဲမှာ ………..
Ref:The Right war by Ban Ki-moon,Time April 28, 2008
ဘာသာပြန်- မိုးတိမ်

 










 
0 comments:
Post a Comment