ကမ္ဘာ့တတိယအကြီးဆုံး လေအားလျှပ်စစ် ထုတ်ယူသုံးစွဲသည့် နိုင်ငံဖြစ်လာရန် တရုတ်ကြိုးပမ်း

ကမ္ဘာ့ ဖန်လုံအိမ်ဓါတ်ငွေ့အများဆုံးထုတ်လွှတ်သူ တရုတ်က၂၀၀၉ ခုနှစ်တွင် လေစွမ်းအင်မှ လျှပ်စစ် ထုတ်ယူမှု၌ ကမ္ဘာ့တတိယအကြီးဆုံး ဖြစ်လာရန် မျှော်မှန်းလုပ်ဆောင်လျှက်ရှိကြောင်း တရုတ်နိုင်ငံပိုင် သတင်းမီဒီယာ စင်ဟွာက ဖော်ပြခဲ့သည်။ အာရှ၏ စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံသည် နိုင်ငံ၏စွမ်းအင် လိုအပ်ချက်အတွက် နည်းလမ်းအမျိုးမျိုး ရှာဖွေလျှက်ရှိရာ ၂၀၀၉ ခုနှစ်တွင် လေစွမ်းအင် မှ လျှပ်စစ် ထုတ်ယူသုံးစွဲမှု ၂၀ ဂစ်ဂါဝပ်(စ်) ရှိလာမည်ဟု နိုင်ငံအမျိုးသားစွမ်းအင် အုပ်ချုပ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှုး ရှီလီရှန်း(Shi Lishan) က စင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။
ယခုကဲ့သို့ လေစွမ်းအင် ထုတ်ယူသုံးစွဲမှု မြင့်တက်လာခြင်းသည် ယခင် ကမ္ဘာ့တတိယ အကြီးဆုံး လေစွမ်းအင် ထုတ်ယူသုံးစွဲသည့် စပိန်နိုင်ငံကို ကျော်တက်သွားမည်ဟု ရှီ ကဆက်လက်ပြောကြားသည်။ လက်ရှိ လေအားမှ စွမ်းအင်ထုတ်ယူနေမှုတွင် အမေရိကန်က ၂၀၀၈ ခုနှစ်အတွင်း စွမ်းထုတ်လုပ်မှု ၂၅.၂ ဂစ်ဂါဝပ်ဖြင့် ကမ္ဘာ့နံပါတ်တစ်အဖြစ် ရပ်တည်နေပြီး ကမ္ဘာ့လေအားလျှပ်စစ်စွမ်းအင် သုံးစွဲမှု စုစုပေါင်း၏ ၂၀.၈ ရာခိုင်နှုန်းရှိသည်။ ယင်းနောက်တွင် ဂျာမနီနှင့် စပိန်နိုင်ငံတို့က သုံးစွဲမှုအများဆုံး အသီးသီး ရပ်တည်နေကြသည်။ ၂၀၀၈ အဆုံးပိုင်းက စပိန်သည် လေစွမ်းအင်မှ လျှပ်စစ် ၁၆.၈ ဂစ်ဂါဝပ် ထုတ်ယူသုံးစွဲ ခဲ့သည်။ ယင်းနှစ်တွင် တရုတ်နိုင်ငံက ၁၂.၂ ဂစ်ဂါဝပ် ထုတ်ယူသုံးစွဲခဲ့သည်။
ကျောက်မီးသွေးမှ စွမ်းအင်ထုတ်ယူသုံးစွဲမှုအပေါ် အလွန်အမင်းမှီခိုနေရသော တရုတ်နိုင်ငံသည် ကမ္ဘာကြီးပူ နွေးမှုကို ဖြစ်ပေါ်စေသော ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုတွင် ကမ္ဘာ့အများဆုံး ဖြစ်သဖြင့် ပြစ်တင်ဝေဖန်ခံ နေရသည်။ နိုင်ငံစွမ်းအင်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်ကို ကျောက်မီးသွေးမှ ရသောစွမ်းအင်မှ အသုံးပြုနေရသည်။ နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် လေ၊ ရေ တို့မှ နိုင်ငံစွမ်းအင်စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း ထုတ်ယူသုံးစွဲသွားရန် မျှော်မှန်းထားသည်။
Ref: AFP (China to be 3rd biggest wind power producer; media)
မိုးတိမ်
 










 
0 comments:
Post a Comment